လေးလောင်းပြိုင်အမှု ရဲထုတ်ပြန်ချက်ကို မိသားစု ပယ်ချ
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို လက်ခံနိုင်စရာ မရှိကြောင်း သေဆုံးသူ အိမ်ထောင်ဦးစီးနှင့် အစ်ကိုတော်စပ်သူ ဆရာတော် ဦးဝိစာရက ဇူလိုင် ၃ ရက်နေ့တွင် သတင်းထောက်များကို အခင်းဖြစ်ပွားသည့်နေအိမ်သို့ ခေါ်ယူပြီး ပြောလိုက်သည်။
စိတ်မတည်ငြိမ်သော အိမ်ထောင်ဦးစီး ကိုစိုးနောင်က ဇနီး၊ သားနှစ်ဦးနှင့် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံသတ်ဖြတ်သည့်သဘော ရေးသားထားခြင်းကို ကန့်ကွက်လိုကြောင်း ဦးဝိစာရက မိန့်ကြားသည်။
“ဘုန်းကြီးရဲ့ညီက လောကစကားနဲ့ပြောတော့ မိအေးနှစ်ခါနာဖြစ်နေတယ်။ သေရတာလည်း တစ်ခါနာတယ်။ သေပြီးတော့မှ ရူးပြီးတော့ သူ့မိသားစုသူ ပြန်သတ်ပါတယ် ဆိုတော့ တရားခံပြန်ဖြစ်နေတဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ ရူးတယ်ဆိုလည်း ရူးတယ်ဆိုတာကို အတိအကျ အထောက်အထားလေးနဲ့ ဖော်ပြပေးစေချင်တယ်။ အခုက သူတို့ပြောချင်သလိုပြောတယ်” ဟု ဦးဝိစာရက မိန့်ကြားသည်။
အခင်းမဖြစ်မီ တစ်ရက်အလိုက နေအိမ်သို့ ရောက်ရှိစဉ် ညီဖြစ်သူ ဒုရဲအုပ်ဟောင်းနှင့် စကားပြောခဲ့သေးသည်ဟု ဦးဝိစာရက မိန့်ကြားသည်။
“သူက တပည့်တော်တို့ အမေတို့ဆီပဲ ပြန်တော့မယ် တဲ့။ ဒီမှာအဆင်မပြေလို့ပါ တဲ့။ ဘာကို အဆင်မပြောတာလဲ မေးတော့ အရင်က သူနဲ့ရင်းနှီးခဲ့တဲ့ အထက်လူကြီးတွေ အကုန်ပြုတ်ကုန်ပြီ တဲ့။ ခုလက်ရှိ လူကြီးတွေနဲ့ သူနဲ့ အဆင်မပြေဘူး တဲ့။ သူ့အလုပ်ကို နှောင့်ယှက်တယ်၊ ရန်လိုက်စတယ် တဲ့ ပြောသွားတယ်။ ဘယ်သူလဲမေးတော့ ပြောမပြဘူး” ဟု ဦးဝိစာရက ဆိုသည်။
မိသားစုတစ်စုလုံးအသတ်ခံရကြောင်း သတင်းရရှိပြီးသည့်နောက် နေအိမ်သို့ သွားရောက် ကြည့်ရှုလိုသော်လည်း ဌာနဆိုင်ရာက ခေါ်ယူစစ်ဆေးမေးမြန်းနေသဖြင့် သဂြိုလ်သည့်နေ့တွင်သာ ကြည့်ခဲ့ရကြောင်း ဦးဝိစာရက မိန့်သည်။
“ဘုန်းကြီး လိုက်သွားတာက တခြားကိုကြည့်ချင်တာ မဟုတ်ဘူး၊ ထိုးထားတဲ့ဓားဒဏ်ရာတွေကို ကြည့်ချင်တာ။ တချက်မှ မကြည့်ခဲ့ရဘဲ သဂြိုလ်တဲ့နေ့မှ မျက်နှာလေးတွေ ဖော်ထားတာပဲ တွေ့ခဲ့ရတယ်” ဟု ဦးဝိစာရက မကျေမနပ် ရှင်းပြသည်။
အမှုကို သေသေချာချာ ပြန်လည် စစ်ဆေးရန် တောင်းဆိုသွားမည်ဟု ဆိုသည်။
“ငါတို့ဒီလိုကြေငြာလိုက်လို့ရှိရင် ပြည်သူလူထုတွေ ဘယ်လိုတွေးခေါ်မလဲဆိုတာ သူတို့စဉ်းစားပုံမရဘူး။ ပြည်သူလူထု တင်ထားတဲ့ ဒီမိုကရေစီအစိုးရနော်၊ ပြည်သူလူထုရဲ့ စကားသံကိုတော့ နားထောင်ကြည့်ဖို့ လိုတယ်လို့ တောင်းဆိုချင်ပါတယ်” ဟု ဦးဝိစာရက သတင်းထောက်များကို ပြောသည်။
အမှုနှင့် ပတ်သက်ပြီး သက်သေ ၁၅၆ဦး၊ သင်္ကာမကင်းသူ ၇ဦးတို့ကို အသေးစိတ် စစ်ဆေးခဲ့ကြောင်း၊ အွန်လိုင်းတွင် ပျံ့နှံ့နေသော ဓာတ်ပုံတွင် ပါဝင်သည့် မသင်္ကာဖွယ် လူ ၃ ဦးကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်ဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ရေးထားသည်။
စုစု/Myanmar Now
(သတင်းရေးသားသူ၊ သတင်းဓာတ်ပုံရိုက်ကူးသူတို့သည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပံ္ပတွင် စာနယ်ဇင်းပညာသင်ယူနေကြပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်များအဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)
Myanmar Now (4 July 2017)




No comments